Wednesday, August 22, 2007

လူမှုရေး ဆိုတာ


အမိမြေက မိဘ ဆွေမျိုးတို့ကို ခွဲခွာပြီး ရွှေ့ပြောင်းလုပ်သား အဖြစ် အလုပ်လုပ်ရတာ မလွယ်လှပါဘူး။ ရသမျှငွေကို နေဖို့ စားဖို့ လောက်ငရုံ ချန်ပြီး မိသားစုထံ အကုန်ပို့နေခဲ့ကြလို့ နေထိုင်မကောင်း ဖြစ်ခဲ့တဲ့ အခါ၊ လုပ်ငန်းခွင်မှာ ထိခိုက် ဒဏ်ရာ ရခဲ့ကြလို့ ကိုယ်လက် အင်္ဂါတွေ စွန့်လွှတ် ကြရတဲ့ အခါ ဆေးကုစရာ ငွေကျန် မရှိ၊ အလုပ်ရှင်က တာဝန်မယူ၊ အိမ်ငှားခ မပေးနိုင်လို့ နေစရာ၊ စားစရာ၊ ဆေးကုစရာ မရှိဘဲ မသေမရှင် ဘ၀မှာ စိတ်ဓာတ်ကျလွန်းလို့ သတ်သေ သွားသူတွေလဲ အများသားပါ။ ဘ၀တူ အလုပ်သမား အချင်းချင်းကို ဆွေမျိုးလို သဘော ထားပြီး နိုင်ငံသားချင်း ရိုင်းပင်းရုံက လွဲလို့ ကိုယ်ကျင့်တရား ကောင်းသူများ အဖို့ တခြား ရွေးစရာ နည်းလမ်း သိပ်မရှိလှ ပါဘူး။ ဒီတော့ ဆင်းရဲသားချင်း အတူတူ ပိုဒုက္ခ ရောက်နေသူကို ဒုက္ခနည်းသူက ကူညီ စောင့်ရှောက် ကြရင်း ရင်ငြိမ်းပန်း အသင်းလေးက ပိုအင်အား များလာတာပါ။ ဒီလို သွားရောက် တွေ့ဆုံ အားပေး မေးမြန်းမှုဟာ သတ်သေ လုဆဲ လူတစ်ယောက်ရဲ့ အသက်ကို ကယ်နိုင် လောက်သည် အထိ စိတ်ဓာတ် ခွန်အား ပေးစွမ်း နိုင်တယ် ဆိုတာ ကိုယ်တွေ့ တွေပါ။

သည်လို လိုက်လံ အားပေး ရတာ တလကို ဘယ်နှစ်ကြိမ်လို့ ရေတွက် နိုင်ဖို့တောင် ခက်ခဲလှ ပါတယ်။ အသင်းဝင် တစ်ဦးချင်းက အိတ်စိုက် လုပ်လိုက်ရတာတွေလည်း များလွန်းလှပါတယ်။ အခြား အသင်းအဖွဲ့ များလို အသင်းသားများ မည်သည့် လခ၊ အကျိုး ခံစားခွင့်မှ မရကြပါဘူး။ ဒါ့ပြင် အသင်းသားများရဲ့ အလုပ်ချိန် များကို ဖျက်၊ အချိန်ပို လုပ်ခများကို လျစ်လျူရှုရင်း လူသားချင်း စာနာစိတ် ဆိုတာလေး တစ်ခု တည်းနဲ့ ဒီလို လူမှု အကျိုးပြု လုပ်ရပ်များကို တွန်းအားပေးသူ မပါဘဲ ကိုယ်ပိုင် အသိစိတ် နဲ့ ဆောင်ရွက် ကြတာ ဖြစ်ပါတယ်။ ဒါပေမယ့် သူတို့လေး တွေရဲ့ အားငယ် နေတဲ့ မျက်နှာ၊ အားကိုး တကြီး မျက်ဝန်းလေး များကို ကိုယ်ချင်းစာ လိုက်မိ တာနဲ့ ဖြစ်ပေါ်လာတဲ့ ကရုဏာ စိတ်ရဲ့ စေ့ဆော် မှုကြောင့် အားတင်းရင်း အရောက်သွား လိုက်ကြ တာပါပဲ။

အလှူငွေက အလှူ ပစ္စည်း၊ အကူ ပစ္စည်းတွေက အလှူငွေတွေက ပါတာ ဖြစ်ပေမယ့် သွားရောက် တွေ့ဆုံရတဲ့ စရိတ်ကတော့ ရင်ငြိမ်းပန်း အဖွဲ့သားများရဲ့ သီးသန့် အိတ်စိုက်ငွေထဲပဲ ဖြစ်ပါတယ်။ ပီတိကိုစား အားရှိပါသည်။ ကရုဏာ ဘာဝနာကိုပွား တကမ္ဘာလုံး အေးချမ်းပါစေသား…

2 comments:

ကလိုစေးထူး said...

ရင်ငြိမ်းပန်းကို လာလည်ဖြစ်တာ ဒါနဲ့ဆို သုံးခေါက်လောက် ရှိပါပြီ။ ရည်ရွယ်ချက် ကောင်းကောင်းနဲ့ ဖွဲ့ထားတဲ့ လူမှုရေး အဖွဲ့လေးပါပဲ။ ရွှေ့ပြောင်း အလုပ်သမားတွေ ရေးတဲ့ စာတွေကိုပါ (ရနိုင်ရင်) တင်ပေးဖို့ တောင်းဆိုပါတယ်။

Unknown said...

What can I do for Y.N.P.?
Please advice to me.
I try my best for Y.N.P.
Take care your self.