Monday, September 24, 2007

ကမ္ဘာ အရပ်ရပ်မှ မြန်မာ နိုင်ငံသားများအားလုံးသို့ နှိုးဆော်လွှာ

မြန်မာနိုင်ငံတ၀ှမ်းလုံးတွင် ယခု ဖြစ်ပေါ်နေသော မတည်ငြိမ်မှုများနှင့် ပြည်သူများရဲ့ ဆင်းရဲ ကြပ်တည်း မှုများမှ လွတ်မြောက်ရန် အတွက် ရဟန်း သံဃာတော်များမှ ဦးဆောင်ပြီး မြန်မာနိုင်ငံ အရပ်ရပ်တွင် မေတ္တာပို့ မေတ္တာရပ်ခံပွဲများ ပြုလုပ်နေခဲ့ကြပါသည်။ သို့သော် ထို မေတ္တာရပ်ခံ မေတ္တာပို့ပွဲများကို အကြမ်းဖက် ရိုက်နှက် လူစုခွဲ ဖမ်းဆီးခြင်းများနှင့် ဆက်လက် အကြမ်းဖက် နှိမ်နင်းရန် ပြင်ဆင်မှုများ ပေါ်ပေါက်လာခဲ့ကြပါသည်။


ထိုင်းနိုင်ငံ မဟာချိုင်ရပ်တွင် လာရောက် အလုပ်လုပ်ကိုင်နေကြသော မြန်မာနိုင်ငံအရပ်ရပ်မှ တိုင်းရင်း သား ပြည်သူများလဲ မြန်မာနိုင်ငံထဲတွင် ကျန်ရစ်နေခဲ့ကြသော မိဘဆွေမျိုး တိုင်းရင်းသားများကို စိတ်ပူ ပန်နေကြမည်ဟု ယုံကြည်ပါသည်။ ထို့ကြောင့် မြန်မာနိုင်ငံတွင်းနေ မိဘဆွေမျိုးသားချင်းများအတွက် မေတ္တာပို့ ဆုတောင်းပွဲများ ကျင်းပပြုလုပ်ကြမည်ဟု စီစဉ်လျက် ရှိပါသည်။


ထိုသို့ မေတ္တာပို့ ဆုတောင်းရာတွင် နိုင်ငံတကာမှ မြန်မာများနည်းတူ အိမ်တိုင်းလူတိုင်း အလုပ်ရုံတိုင်းတွင် ရှိသော တိုင်းရင်းသားများ အားလုံး မိမိတို့ အိမ်ရှေ့ အခန်းရှေ့ အလုပ်ရုံရှေ့သို့ ထွက်ပြီး မြန်မာနိုင်ငံ ရှိရာအရပ်သို့ မျက် နှာမူပြီး မေတ္တာပို့သူ အားလုံး တညီတညာတည်း မေတ္တာပို့ရန် ဖြစ်ပါသည်။ သန်ဘက်ခါ တော်သလင်းလပြည့်နေ့မှ စတင်ပြီး ညစဉ်ညတိုင်း ညီညာဖြဖြ ရွတ်ဆို မေတ္တာပို့ရန် စီစဉ်ထားပါသည်။ မင်းကွန်း ဆရာတော် ဘုရားကြီး ရေးသားတော်မူသော မေတ္တာသုတ်လာ မေတ္တာပို့နည်း ထဲမှ အောက်ဖော်ပြပါ မေတ္တာပို့ ဆုတောင်းမှု ကို ညစဉ်ညတိုင်း (မြန်မာစံတော်ချိန် ည ၈နာရီ တိတိ) ထိုင်းစံတော်ချိန် ည ၈နာရီခွဲတိတိမှ စတင်ကာ ၁၅မိနစ်တိတိ ရွတ်ဆို မေတ္တာပို့ရန် ဖြစ်ပါသည်။ မြတ်စွာဘုရားသည် မေတ္တာဓာတ်ဖြင့် အောင်ခြင်း ရှစ်ပါးကို အောင်တော်မူခဲ့သည့် နည်းတူ မြန်မာနိုင်ငံတော်တွင်းတွင် ယခု ဖြစ်ပျက်နေသော မတည်ငြိမ်မှုများလဲ မေတ္တာဖြင့် ပြေလည်နိုင်ကြပါစေ။


လူအချင်းချင်း နှိပ်စက်ခြင်း ကင်းရှင်းကြပါစေ။

တို့ မေတ္တာစွမ်း ကမ္ဘာလွှမ်း ငြိမ်းချမ်းကြပါစေ။