Friday, July 20, 2007

လောလောလတ်လတ် သတင်းများ

ထိုင်းနိုင်ငံသို့ ရောက်ရှိကာ တရားမ၀င် အလုပ်လုပ်နေကြရသော မြန်မာ အလုပ်သမားများ ဖြစ်လင့်ကစား သူတပါးတိုင်းပြည်တွင်ရှိလျက် မိမိတို့ မွေးဇာတိ မြန်မာပြည်ကို မမေ့သောအားဖြင့် မြန်မာ့ရိုးရာ ဓလေ့ထုံးစံများနဲ့ ၀တ်စားဆင်ယင်မှုများကို မပျောက်ပျက်စေဘဲ ဆက်လက်ထိန်းသိမ်းနေထိုင်ရင်း ကျန်ခဲ့သော ဧပြီလ မဟာသင်္ကြန်ပွဲတော်ကို မြန်မာ့ရိုးရာမပျက် ယဉ်ကျေးစွာ မြန်မာမှု မြန်မာ့ဟန်အပြည့်ဖြင့် ဆင်နွဲခဲ့သော မဟာချိုင်ရပ်ရှိ မြန်မာများကို TITV ရုပ်မြင်သံကြားမှပင် လာရောက် ရိုက်ကူး မှတ်တမ်းတင်ခဲ့ရပါသည်။ ရင်ငြိမ်းပန်းအသင်းကြီးမှ သင်္ကြန်တွင်း ၃ရက် တရားစခန်းကို မည်သူမဆို လာရောက် တရားအားထုတ်နိုင်ရန် ကမကထ ပြုပေးခဲ့ပါသည်။ စုပေါင်းတရားစခန်းကို နေရာအတွက် ထိုင်းဘုန်းတော်ကြီးကျောင်း ကို ခွင့်တောင်းပြီး တရားပြဆရာတော်အဖြစ် ချမ်းမြေ့ရိပ်သာ ဆရာတော်ဘုရားကြီး၏ ထိုင်းနိုင်ငံရှိ ချမ်းမြေ့ရိပ်သာကျောင်းခွဲ ကျောင်းထိုင်ဆရာတော် ဦးနန္ဒ၀ံသမှ ရှင်းလင်းညွှန်ပြပေးခဲ့ပါသည်။ မထင်မှတ်ထားစွာ ယောဂီလောင်း တရာကျော် လာရောက် စာရင်းပေးသွင်းခဲ့ကြပြီး (၁၁၂)ယောက် တရားအားထုတ်ခဲ့ကြပါသည်။ ယခုလည်း ၀ါဆိုခါနီးအချိန်တွင် ရက်သတ္တ တပတ်လျှင် တစ်ရက်တည်းသော အလုပ်ပိတ်ရက် တနင်္ဂနွေနေ့တိုင်း ဓမ္မစကြာသုတ် ရွတ်ဖတ်နည်းနှင့် ဓမ္မစကြာ တရားတော်သင်တန်းကို ဦးဆောင်စီစဉ်လျက် ယခုလာမည့် ဇူလိုင် ၂၉ရက် တွင် ကျရောက်သော ဒုတိယ၀ါဆိုလပြည့်နေ့တွင် ဓမ္မစကြာသုတ် ရွတ်ဖတ်ပူဇော်ပွဲကို ထပ်မံ ကျင်းပ ပြုလုပ်မည် ဖြစ်ကြောင်း သတင်းပါးအပ်ပါသည်။